သွေးတိုးရောဂါဆိုတာ လေဖြတ်ရောဂါဖြစ်စေတဲ့ နံပါတ်တစ် အကြောင်းအရင်းဖြစ်ပြီး နှလုံးသွေးကြောကျဉ်းခြင်း၊နှလုံးသွေးကြောပိတ်ခြင်း၊နှလုံးကြီးခြင်း စတဲ့နှလုံးရောဂါဖြစ်ပွားရခြင်းတွေရဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ကျွမ်းကျင်ဆေးပညာရှင်တွေကတော့ သွေးတိုးရောဂါကို အသံတိတ်လူသတ်သမား (Silent Killer) လို့တင်စားခေါ်ဝေါ်ကြပါတယ်။ နှလုံးကနေ သွေးလွှတ်ကြောကို သွေးညှစ်ထုတ်လိုက်တဲ့ အခါသွေးစီးဆင်းမှုက သွေးကြောနံရံတွေကို တွန်းကန်ပြီး သွေးဖိအားကိုအဆက်မပြတ်ပြောင်းလဲစေပါတယ်။သွေးတိုးရောဂါဆိုတာကတော့ သွေးဖိအားပမာဏများများက သွေးလွှတ်ကြောနံရံတွေကို ဆန့်ကျင်တွန်းကန်လာတဲ့ အခါဖြစ်ပေါ်လာတဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။
သွေးဖိအားကို မီလီမီတာ မာကျူရီ ယူနစ်ဖြင့် တိုင်းတာပြီး နှလုံးကြွက်သား ညှစ်ထုတ်စဉ် သွေးကြောအတွင်း ဖြစ်ပေါ်နေတဲ့ ဖိအားကို အပေါ်သွေး (Systolic Blood Pressure) လို့ ခေါ်ပြီး၊ နှလုံးကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်လာတဲ့ ဖိအားကို အောက်သွေး (Diastolic Blood Pressure)လို့ခေါ်ပါတယ်။
ကိုယ့်ရဲ့ ခန္ဓာကိုယ်အတွင်းမှာ သွေးဖိအားများနေလား၊ နည်းနေလားဆိုတာကို သွေးပေါင်ချိန်စက်တွေနဲ့ အလွယ်တကူတိုင်းတာနိုင်ပြီး အပေါ်သွေး ၁၄၀ နှင့်ထက်၊အောက်သွေး ၉၀နှင့်အထက်ရှိနေပြီဆိုရင်တော့ သွေးတိုးနေပြီဖြစ်ပါတယ်။သို့သော်လည်း သွေးတိုးရောဂါမရှိပဲ ပထမဆုံးအကြိမ်အနေနဲ့ သွေးပေါင်ချိန် တက်နေတာလည်းဖြစ်နိုင်ပါတယ်။ သွေးတိုးရောဂါရှိ၊မရှိကိုတော့ နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အလွယ်တကူစစ်ဆေးနိုင်ပြီး ရောဂါရှိနေပြီဆိုရင်တော့ အစားအသောက် အနေအထိုင် ပြုပြင်ခြင်း၊ ဆေးဝါး စနစ်တကျ သုံးစွဲခြင်းတွေနဲ့ ရောဂါကို ထိန်းချုပ်ထားနိုင်ပါတယ်။
အသံတိတ်လူသတ်သမား (Silent Killer)
============================
ရောဂါခံစားနေရသူ ၃ပုံ ၁ပုံခန့်ဟာ သွေးတိုးရောဂါရှိမှန်းမသိကြသူတွေဖြစ်ပါတယ်။
အများအားဖြင့် သွေးတိုး လက္ခဏာ မခံစားရသူ၊ ဘာလက္ခဏာမှ မပြသူ များပါတယ် ခံစားရသူ အချို့ တွေမှာသာ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူ မြန်လာခြင်း၊ အမြင် ဝေဝါးလာခြင်း တို့ ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုး တွေအနေနဲ့ နှလုံး သွေးကြော ကျဉ်းခြင်းကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်း ၊ လေဖြတ်ခြင်း ၊ နှလုံး ညှစ်အား နည်းခြင်းကြောင့် မောလာခြင်း ၊ ကျောက်ကပ် ပျက်စီးခြင်းကြောင့် မျက်နှာ ယောင်အမ်း လာခြင်း ၊ မျက်စိ အမြင် ချို့ယွင်းလာခြင်း စတာတွေကို ခံစားရလာနိုင်ပါတယ်။
သွေးတိုးရောဂါရှိသူ ၉၀ရာခိုင်နှုန်း မှ ၉၅ ရာခိုင်နှုန်းခန့်ဟာ ရောဂါဖြစ်ပွားရခြင်း အကြောင်းအရင်းကို တိတိကျကျ မသိကြပါဘူး။ ကျန် ၅ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းကသာ ခန္ဓာကိုယ်တွင်းရောဂါ တမျိုးမျိုးကြောင့် သွေးတိုးရောဂါ ခံစားနေကြရတာဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်သွေးကြောကျဉ်းရောဂါ၊ သွေးကြောမကြီးရောဂါ၊ သိုင်းရွိုက်ဟော်မုန်း အထွက်လွန်ရောဂါစတဲ့ ကိုယ်တွင်းရောဂါတွေအပြင် ကိုယ်ဝန်ဆောင်ခြင်း၊ သွေးတိုးစေသောဆေးများ သုံးစွဲနေခြင်းနဲ့ အရက်သောက်သုံးခြင်း တို့ ကြောင့် သွေးတိုးရောဂါကိုခံစားရနိုင်ပါတယ်။ အပေါ်သွေး115/အောက်သွေး 75 ကိုစံအနေနဲ့ သတ်မှတ်ပြီး အပေါ်သွေး 20 ၊ အောက်သွေး 10 စီတိုးလာတိုင်း နှလုံးနဲ့ပတ်သက်တဲ့ ရောဂါ ဖြစ်နိုင်ခြေ နှစ်ဆ စီ တိုးလာတယ်လို့ ကျွမ်းကျင်ဆရာဝန်တွေက သတိပေးပြောဆိုထားပါတယ်။
သွေးတိုးရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ
================================
သွေးတိုးဖြစ်စေတဲ့ အကြောင်းရင်း အတိအကျမရှိပေမယ့်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေကတော့ သွေးတိုးစေနိုင်တဲ့အချက်တွေကို ဖော်ထုတ်ထားသလို primary hypertension နဲ့ secondary hypertension ဆိုပြီး ၂မျိုးခွဲခြားထားပါတယ်။
primary hypertension ကတော့ အဖြစ်အများဆုံးအမျိုးအစားဖြစ်ပြီး နောက်ခံ အကြောင်းအရင်းလဲ မရှိတဲ့ရောဂါလည်းဖြစ်ပါတယ်။ လေ့လာချက်တွေအရတော့ မျိုးရိုးဗီဇ, အသက်နှင့်မျိုးနွယ် စတာတွေနဲ့ ပတ်သက်လိမ့်မယ်လို့ ပြောဆိုထားသလို အခြားအချက်တွေအဖြစ်ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း, အဝလွန်ခြင်း, ဆေးလိပ်သောက်ခြင်း, အစားအသောက်ထဲတွင် အရက်နှင့် ဆားများများ စားသုံးမှုတို့လည်း ပါဝင်တယ်လို့ဆိုပါတယ်။
secondary hypertension ဖြစ်စေတဲ့ အချက်တွေမှာဆိုရင်တော့ အိပ်ပျော်စဉ်အသက်ရှူကျပ်ခြင်း, ကျောက်ကပ်ရောဂါ, နှလုံးရောဂါအခြေအနေများနဲ့ adrenal အက်ဒရီနယ် ဂလင်းမူမမှန်ဖြစ်ခြင်း စတာတွေပါဝင်ပါတယ်။အဲ့ဒီ့အခြေအနေတွေမှာ သွေးပေါင်ချိန်တက်စေနိုင်ပြီး သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။
ရောဂါကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများ
=============================
သွေးတိုးရောဂါရှိသူတွေအနေနဲ့ သွေးဖိအားကို အပေါ်သွေး ၁၄၀နှင့်အောက်၊အောက်သွေး ၉၀နှင့်အောက် မှာပဲရှိနေရမှာဖြစ်ပြီး ဆီးချိုနဲ့ ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ကတော့ အပေါ်သွေး ၁၃၀နှင့်အောက်၊ အောက်သွေး ၈၀နှင့်အောက် မှာပဲရှိနေစေဖို့ ဆရာဝန်တွေက ညွှန်ကြားထားပါတယ်။ သွေးတိုးရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက်ဆိုရင်တော့ ကိုယ်အလေးချိန် အဝမလွန်စေရန် နဲ့ Body Mass Index (BMI) ကို ၁၈.၅ မှ ၂၄.၅ အတွင်း ရှိနေစေရန် ထိန်းထားရမှာပဲဖြစ်ပါတယ်။လမ်းမြန်မြန် လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း လိုမျိုး ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း ကို ပုံမှန် တစ်နေ့ လျှင် မိနစ် ၃ဝ ခန့်နဲ့ တစ်ပတ်ကို ၅ရက်မှ ၇ရက်ခန့်အထိ ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။သစ်သီး ဝလံများ၊ ဟင်းသီး ဟင်းရွက်များ၊ အဆီ ထုတ်ထားသော နို့နှင့် နို့ထွက် ပစ္စည်းတွေကို များများစားသုံးပေးဖို့လိုအပ်ပါတယ်။ ဆား နည်းသော အစာများကို ရွေးချယ် စားသုံးဖို့လိုအပ်တာကြောင့် ဆားပါဝင်မှုများတဲ့ အထားခံသော အစာများ နဲ့ ပြုပြင်ထားသော အစာများ စတာတွေကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ငါးများ၊ အဆီမပါသော အသားများကို စားသုံးပါ။ ကိုလက်စထရော များသော အဆီ၊ အဆိမ့်၊ အချိုများကို ရှောင်ပါ။
အရက် အလွန်အကျွံ သောက်သုံးခြင်းကလည်း သွေးတိုး စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
သွေးတိုးရောဂါ အတွက် ဆရာဝန် ညွှန်ကြားထားသော သွေးကျဆေးများကို တိတိကျကျ သုံးစွဲပါ။
အသံတိတ်လူသတ်သမားလို့တင်စားခေါ်ဝေါ်ရတဲ့ သွေးတိုးရောဂါခံစားနေပြီလားဆိုတာသိနိုင်ဖို့အတွက် ကိုယ့်ရဲ့ သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာစစ်ဆေးနေဖို့လိုအပ်ပါတယ်။ရောဂါရှိ၊မရှိ သေချာသိနေမှ ထိန်းချုပ်ရလွယ်ကူမှာဖြစ်သလို၊နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ကာကွယ်ပြီးသားဖြစ်မှာပါ။
